နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းသမား သုံးဦး အာမခံရ

တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ ဓာတ်ပုံ မူပိုင် Khin Mg Win (Shwe Inn Thar)
Image caption တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ အဖမ်းခံထားရတဲ့ အလဲဗင်းသတင်းစာတိုက်က တာဝန်ခံအယ်ဒီတာ နှစ်ယောက် နဲ့ သတင်းထောက်ချုပ်တို့ကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်မှာ တာမွေမြို့နယ်တရားရုံးက သတင်းသမားတစ်ယောက်စီကို ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်ပြီလို့ အမှုမှာရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က အတည်ပြုပြောပါတယ်။

သူတို သုံးဦးလုံးဟာ အောက်တိုဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ခဲ့တဲ့ Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာပါဝင်တဲ့ ကလောင်အမည် ဖြိုးဝေရဲ့ " အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ " ခေါင်းစဉ်နဲ့ ဆောင်းပါးကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ ဓာတ်ပုံ မူပိုင် Khin Maung Win (Shwe Inn Thar)
Image caption တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ

'ဒီကနေ့ ရုံးချိန်းကို တရားလိုဘက်က လာရောက်တာမရှိခဲ့ဘူး။ တရားခွင်မှာ တရားသူကြီးက တာဝန်ခံအယ်ဒီတာ ကိုနရီမင်း၊ ကိုကျော်ဇောလင်း၊ နဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေ၀င်း တို့ကို အာမခံပေးခဲ့တယ်။ ဒါပေမယ့် သူတို့ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ စွဲဆိုထားတာကိုတော့ ရုပ်သိမ်းတာ မရှိခဲ့ပါဘူး' လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။

အလဲဗင်းသတင်းသမားတွေကို တရားစွဲဆိုထားတဲ့ ၅၀၅ (ခ) ပုဒ်မအမှုနဲ့ ပတ်သတ်လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားပြီး တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ လိုတယ်လို့ သမ္မတကလည်း ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ ဓာတ်ပုံ မူပိုင် Khin Mg Win (Shwe Inn Thar)
Image caption တရားစွဲခံထားရတဲ့ အလဲဗင်းသတင်းထောက်တွေ

ဒီအမှုကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာတဲ့အဖွဲ့အစည်း၊ ဌာန၊ ပုဂ္ဂိုလ် ဟာ အရင်ဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့၊ မီဒီယာဥပဒေပုဒ် ၂၂ အရ မီဒီယာကောင်စီက နှစ်ဘက်တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

မီဒီယာကောင်စီကတော့ လက်ရှိ တာမွေတရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အမှု ပြီးပြတ်ကာမှ ဆက်လက် ဆောင်ရွက်လို့ရမယ်လို့ ပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ